စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်မည့် ဆရာတော်ဦးဥတ္တမနေ့ (၆၉) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော် ဆေးခန်းတွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (ရ၊ က၊ လ၊ စ) မှ ဦးဆောင်ကာ သွေးလှူပွဲတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါသွေးလှူပွဲသို့ (ရ၊ က၊ လ၊ စ) မှ ရဲဘော်၊ ရဲမယ်များနှင့် မဲဆောက်ရောက် ရခိုင်အလုပ်သမားများ၊ တိုင်းရင်းသား ညီအစ်ကိုများ စုစုပေါင်း (၅၀) ခန့် တက်ရောက်သွေးလှူဒါန်းခဲ့ကြသည်။ အခမ်းအနားသို့ (၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ်အဖြစ် (ရ၊ က၊ လ၊ စ) မှထုတ်ဝေသော အင်္ကျီများအား ၀တ်ဆင် တက်ရောက်သွေးလှူခဲ့ကြသည်။
ဆရာတော်ဦးဥတ္တမနေ့ သွေးလှူဒါန်းပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ (ရ၊ က၊ လ၊ စ) တွဲဖက်အတွင်းရေးမှူး (၁) ကိုထွန်းဇော်က “ကျွန်တော်တို့ (ရ၊ က၊ လ၊ စ) အနေဖြင့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို တကမ္ဘာလုံး အတိုင်းအတာနှင့် ကျင်းပချင်ပါတယ်။ ပြည်ထဲမှာလဲ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပချင်ပါတယ်။ ဒီနှစ် ကျွန်တော်တို့ အထိမ်းအမှတ် အင်္ကျီတွေထုတ်ဝေထားပါတယ်။ ထိုင်းနိုင်ငံတစ်နိုင်ငံလုံး၊ မလေး၊ စင်္ကာပူ၊ အမေရိကတို့ကို ဖြန့်ဝေထားပါတယ်။ အခြားနိုင်ငံတွေကိုလည်း ဖြန့်ဝေဖို့ အစီအစဉ်ရှိပါတယ်။ ဆရာတော်အခမ်းအနား ကျင်းပမယ့် နေရာတွေကိုလဲ ကျွန်တော်တို့က အင်္ကျီတွေ၊ ဆရာတော်ဦးဥတ္တမ ဓာတ်ပုံတွေ၊ လက်ကမ်းစာစောင် တွေဖြန့်ဝေထားပါတယ်။ ရခိုင်အမျိုးသားတွေ ဆရာတော်အပေါ် ဘယ်လောက် လေးစားမှုရှိတယ်၊ ရခိုင်အမျိုးသားတွေ ဘယ်လောက်စည်းလုံး ညီညွတ်မှုရှိတယ်ဆိုတာကို ကျွန်တော်တို့ ပြသနိုင်ရမယ်၊ ဆရာတော်အကြောင်း ပြောမယ်ဆိုရင် ပြောမကုန်ပါဘူး။ ဆရာတော်၏တိုးတက်တဲ့ နိုင်ငံရေးအမြင်၊ အဖိနှိပ်ခံတွေအားလုံး လွတ်မြောက်လိုစိတ်တွေဟာ ကျွန်တော်တို့ အတုယူရမည့် အချက်တွေဖြစ်တယ်။ တစ်ချိန်တည်းမှာ ဆရာတော်ရဲ့ အရှိန်အ၀ါကို ကိုယ်ကျိုးအတွက် အသုံးချခဲ့ရတာတွေကိုလဲ သင်ခန်းစာယူ ရမှာပါ။ ဆရာတော်သမိုင်းက တကယ့်ကို ကြီးကျယ်ပါတယ်။ ဆရာတော်ကျေးဇူးဟာ ဗမာပြည်သူတစ်ရပ်လုံးအပေါ်ရှိပါတယ်။ ဒါပေမယ့် ဆရာတော်ဟာ ရခိုင်အမျိုးသားဖြစ်တဲ့အတွက်ကြောင့် ဆရာတော်သမိုင်းကို တဖြည်းဖြည်း မှေးမှိန်သွားအောင် စစ်အစိုးရရော၊ ဗမာလူမျိုးကြီးဝါဒီတွေက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြတာကို တွေ့နေရပါတယ်။ ဆရာတော်ဟာ ရခိုင်အမျိုးသားလွတ်မြောက်ရေး တစ်ခုတဲ့အတွက် ကြိုးပမ်းခဲ့တာမဟုတ်ဘူး။ ဗမာတစ်ပြည်လုံး၊ အာရှတိုက်တစ်ခုလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ ရခိုင်တွေ မလုပ်ရင် ဆရာတော်သမိုင်း ပျောက်ကွယ်သွားမယ့် အလားအလာရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဦးဆောင် ကျင်းပရခြင်းဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။
ယနေ့အချိန်တွင် ရခိုင်ပြည်တွင်း နိုင်ငံရေးတက်ကြွနေမှုများနှင့်ပတ်သတ်၍ ကိုထွန်းဇော်ကပဲ “ဒါဟာ နိယာမ တရားတစ်ခုပဲ။ ဖိလေ ကြွလေ ဆိုသလို ရခိုင်ပြည်သူတွေဟာ အဖိနှိပ်ခံနေရတာဟာ သမိုင်းနဲ့ ချီခဲ့ပါပြီ အဂုမှ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုပြောချင်တာက ရခိုင်ပြည်သူတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေ မီဒီယာထက် မရောက်ဘဲဖြစ်နေတယ်။ စစ်အာဏာရှင်လက်အောက်မှ တတိုင်းပြည်လုံး လွတ်မြောက်ဖို့ မီဒီယာအကူအညီတွေလဲ အများကြီးလိုပါတယ်။ ရခိုင်ပြည်၏တက်ကြွလှုပ်ရှားမှုတွေကို ဗမာပြည်သူ တစ်ရပ်လုံး သိရှိစေဖို့၊ အားတက်စေဖို့ သတင်းဌာနတွေကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်” ပြောပြခဲ့သည်။ သွေးလှူပွဲတွင် (ရ၊ က၊ လ၊ စ) ထုတ် ဆရာတော်ဦးဥတ္တမသမိုင်းအကျဉ်း လက်ကမ်းစာစောင်နှင့် (ရ၊ က၊ လ၊ စ) သမိုင်းအကျဉ်း လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
မယ်တော်ဆေးခန်း၊ သွေးလှူဌာနတာဝန်ခံ ကိုမောင်ယုကလည်း “ရခိုင်ကျောင်းသား၊ လူငယ်များအနေဖြင့် မယ်တော်ဆေးခန်းအတွက် ရခိုင်အမျိုးသားတွေနဲ့ဆိုင်တဲ့ အထိမ်းအမှတ်နေ့တွေမှာ သွေးလှူဒါန်းတာ တော်တော်ကြာခဲ့ပြီ။ လူ့ အသက်တစ်ချောင်းကို ခင်ဗျားတို့သွေးတွေနဲ့ ကူညီပေးတဲ့အတွက် ကျွန်တော်တို့ အများကြီးဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ နောက်နောင်လည်း လာရောက်သွေးလှူပေး စေလိုပါတယ်” ဟုပြောကြားခဲ့သည်။
မယ်တော်ဆေးခန်းမှ ဆရာမကြီးဒေါ်စင်သီယာမောင်ကလည်း သွေးလှူနေရာသို့ လာရောက်ကာ သွေးလှူဒါန်းသူများနှင့် တွေ့ဆုံခဲ့သည်။ (ရ၊ က၊ လ၊ စ) အထွေထွေအတွင်းရေးမှူး ကိုအောင်မင်းဦးက ဆရာမကြီးအား အမှတ်တရ အင်္ကျီနှင့် ဆရာတော် ဦးဥတ္တမဓာတ်ပုံများ လက်ဆောင်ပေးခဲ့သည်။ ထို့နောက် ဆရာမကြီးနှင့်အတူ ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ် ဓာတ်ပုံရိုက်ကူးခဲ့ပြီး သွေးလှူဒါန်းပွဲအခမ်းအနား ပြီးဆုံးခဲ့သည်။

No comments:
Post a Comment