Friday, September 12, 2008

ဦးဥတ္တမနေ့အထိမ်းမှတ် တီရှပ်ဝတ်ဆင်ထားသူများကို ရဲများက ခေါ်ယူစစ်ဆေးမှုများပြုလုပ်

ဖြိုးကြီး။ စက်တင်ဘာ ၁၀၊ ၂၀၀၈
ရိုးမ (၃) သတင်းဌာန

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ဦးဥတ္တမနေ့အထိမ်းမှတ် တီရှပ်များဝတ်ဆင်ထားသည့် လူငယ်များကို အာဏာပိုင်များက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသည်။

ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ရိုးမဘတ္ထရီဆိုင်တွင် အလုပ်လုပ်နေသည့် လူငယ်တဦးနှင့် ရူပတောင်ရပ်ကွက်မှ လူငယ်တဦးအား အမှတ်(၁) ရဲစခန်းမှ အာဏာပိုင်များက ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံတဦးက ပြောဆိုသည်။

“ဖမ်းတာက (၁၂) နာရီ ဝန်းကျင်လောက်က ဖမ်းတာ၊ အဲဒီကောင်လေးက ဦးဥတ္တမပုံပါတဲ့ တီရှပ်ကိုဝတ်ထားပြီး ဆေးသုတ်နေတာ၊ ရိုးမဘတ္ထရီဆိုင်က အလုပ်သမားပါ၊ အဲဒါကို ရဲတွေက ခေါ်သွားတာ၊ နောက်တယောက်ကတော့ ရူပတောင်ရပ်ကွက်ထဲကပါ” ဟု ပြောသည်။

အာဏာပိုင်များက ယခုကဲ့သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရိုးမဘထ္ထရီဆိုင်မှ မောင်သိန်းရွှေကို ညနေ(၃) နာရီခန့်တွင် ပြန်လည်လွှတ်ပေးလိုက်ပြီး ဆိုင်ပိုင်ရှင်ကို လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု မြို့ခံက ဆက်ပြောသည်။

“ဆိုင်ပိုင်ရှင်ကိုလဲ ရဲတွေကတော့ လိုက်ရှာနေတယ်၊ ဘာကြောင့်လဲတော့မသိဘူး၊ တယောက်ကို တော့ပြန်လွှတ်လိုက်တယ်၊ ကျန်တဲ့တယောက်ကတော့ လွှတ်လား မလွှတ်လားမသိဘူး၊ သူတို့ မိဘတွေကို သွားမေးတော့လဲ သူတို့တောင် မသိသေးဘူးလို့ပြောတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများနှင့် ပတ်သက်၍ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်းလူငယ်များကို ခေါ်ယူမေးမြန်းသည်မှာ မှန်ကန်သော်လည်း ဖမ်းဆီး မေးမြန်းခြင်းမဟုတ်ဘဲ လုံခြုံရေးအရ လမ်းမှာပင် မေးမြန်းခြင်းဖြစ်သည်ဟု စခန်းမှူး ကိုကိုဦးက ပြောသည်။

“ဖမ်းတာမရှိပါဘူး၊ ခေါ်မေးတာလောက်ပါဘဲ၊ သူတို့ ပုဂ္ဂလိက ဝတ်တာကို ကျနော်တို့ဘာမှ မပြောပါဘူး၊ ထိန်းသိမ်းတာလဲမရှိပါဘူး၊ သူတို့လဲ အခုသွားလာနေကြတာပါဘဲ၊ သူတို့ကို ဟိုဟာ ဒီဟာတွေ မေးတာလဲမရှိပါဘူး” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

စစ်တွေမှာ ဆရာတော် ဦးဥတ္တမရုပ်ပုံပါ တီရှပ်တိကို ၀တ်ဆင်သူ အနည်းဆုံး လူငယ် ၆ ဦးဖမ်းဆီးခံထားရ

9/12/2008
နရဉ္စရာသတင်းဌာန
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဦးဥတ္တမ ရုပ်ပုံပါ တီရှပ်များကို ၀တ်ဆင်သဖြင့် အနည်းဆုံး လူငယ် ၆ ဦးဖမ်းဆီးခံထားရကြောင်း စစ်တွေမြို့ခံ တဦးက ပြောသည်။

သူက “အနည်းဆုံး ၆ ဦးဖမ်းဆီးခံထားရပါတယ်။ ၂ ဦးကတော့ ရွာကြီးမြှောက် ရပ်ကွက်က ဖြစ်ပြီး ရူပတောင်က တဦး၊ ရွာကြီးတောင်က ၁ ဦးနဲ့ ကျန် ၂ ဦးကိုတော့ မသိရှိရသေးပါ။” ဟုသူက ပြောသည်။

သူတို့ကို အမှတ် (၁) ရဲစခန်းက ဒုရဲအုပ် ခင်မောင်လှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ယခုအခါ မည်သည့်နေရာတွင် ရှိနေကြောင်းကို သတင်းမရရှိကြောင်း သူကပြောသည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက် အရ သူတို့ကို နေရာတခုတွင် ဖမ်းဆီး စစ်ဆေးနေပြီး အထူးသဖြင့် ဆရာတော် ဦးဥတ္တမ ရုပ်ပုံပါ တီရှပ်များကို မည်သူများက ဦးဆောင် ဖြန်ဝေခဲ့သည် ဆိုသည့်အချက်ကို မေးမြန်းနေကြောင်း သိရှိရသည်။

၎င်းအပြင် ရိုးမ ပန်းချီဆိုင်မှ လူငယ် တဦးကိုလည်း ဆရာတော် ဦးဥတ္တမ ရုပ်ပုံပါ အကျီ်ကို ၀တ်ဆင်မှုကြောင့် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည် လွတ်ပေးခဲ့သည်။

ရခိုင်စည်တော် စိုင်းန္ဒြားတီးဝိုင်းမှလည်း အနည်းဆုံး လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့ဝင်များက ဆရာတော် ဦးဥတ္တမ အကျီင်္နှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

စစ်တွေ အမှတ် (၁) ရဲစခန်းက ဒုရဲအုပ် ခင်မောင်လှမှ ဦးဆောင်ပြီး ဆရာတော် ဦးဥတ္တမ ရုပ်ပုံပါ တီရှပ်များကို ၀တ်ဆင်သူများထံက လိုက်လံသိမ်းဆည်းနေပြီး စက်တင်္ဘာလ ၁၀ ရက်နေ့က လမ်းသွားလမ်းလာများကို တားပြီး ဦးဥတ္တမရုပ်ပုံပါ အကျီင်္များကို အတင်းချွတ်ခိုင်းကာ သိမ်ဆည်း ယူသွားကြောင်း သိရှိရသည်။

ဦးဥတ္တမနေ့ အထိမ်းအမှတ် ရခိုင်လူငယ်များ လှုပ်ရှား

အေးလဲ့ | စက်တင်ဘာ ၁၀၊ ၂၀၀၈
ဧရာဝတီသတင်းဌာန
ရခိုင်ပြည်နယ်ရှိ တောင်ကုတ်နှင့် စစ်တွေမြို့များတွင် လုံခြုံရေးအထူးတင်းကျပ်ထားသည့်ကြားမှ ရခိုင်အမျိုးသား ရဟန်း အာဇာနည် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော် ရုပ်ပုံပါရှိသည့် T-shirt များဝတ်ဆင်၍ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် ကျေးလက်ဒေသများအထိ အာဏာပိုင်များက လုံခြုံရေး အထူးတင်းကျပ်ထားသော် လည်း ဦးဥတ္တမနေ့ အထိမ်းအမှတ် လှုပ်ရှားသူ ၂၀၀ နီးပါးက ဇီးကိုင်းတောင်ဘုရား၊ ကင်းတောင်ရွာနှင့် ဆားပြင်ရွာများတွင် T-shirt များဝတ်ဆင်၍ လမ်းလျှောက်ခြင်းနှင့် ဆုတောင်းပွဲများပြုလုပ်ခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။

“တောင်ကုတ်မြို့ရဲ့မြို့အဝင်အထွက်ကအစ ပိတ်ထားပြီး လုံခြုံရေးတွေကို အထူးချထားတယ်၊ မြို့အနီးအနား ကျေးလက်ဒေသအထိ လုံခြုံရေးတွေချ ထားတယ်၊ ဒီကြားထဲက လှုပ်ရှားတက်ကြွတဲ့လူငယ်ထဲက ဦးဥတ္တမနေ့ ကို လုံခြုံရေးအပြည့်ချတဲ့နေရာတွေမှာမလုပ်ဘဲ တခြားနေရာတခုမှာ ဆုတောင်းပွဲ လုပ်ခဲ့တယ်၊ ဒီအတွက် အာဏာပိုင်တွေက ကျေးလက်ဒေသအထိရှာဖွေနေ တယ်” ဟု တောင်ကုတ်ဒေသခံက ပြောသည်။

ထိုလှုပ်ရှားမှုများကြောင့် နယ်မြေခံစစ်တပ်အပါအ၀င် ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီများက ဒိုင်နာကား ၃ စီး ဖြင့် စောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်ခဲ့ သည်ဟုလည်း ၎င်း က ဆိုသည်။

ထို့အတူ စစ်တွေမြို့တွင်လည်း ယမန်နေ့က ဆရာတော်ဦးဥတ္တမ သီတင်းသုံးနေထိုင်ခဲ့သည့် ရွေစေတီ ကျောင်းတွင် အခမ်း အနားကျင်းပရန် ကြိုးစားခဲ့သော်လည်း ဒေသအာဏာပိုင်များက တားမြစ်ခဲ့သဖြင့် အခမ်းအနားမဖြစ်ခဲ့ကြောင်း သိရသည်။ စစ်တွေမြို့ပေါ်ရှိ ဦးဥတ္တမပန်းခြံသို့ သွားရောက်သူများကို လည်း လုံခြုံရေးများက တားမြစ်ပိတ်ပင်ခဲ့သည်။

သို့သော် နံနက်ပိုင်းမှစပြီး ည၈နာရီ ဝန်းကျင်အထိ ဆရာတော် ဦးဥတ္တမကို လေးစားကြည်ညိုသည့် လှုပ်ရှား သူများက စစ်တွေမြို့ တက္ကသိုလ်ကျောင်းဝန်း၊ ကျောင်းပြင်နှင့် အနီးအနားများတွင် ဦးဥတ္တမ ရုပ်ပုံပါရှိသော T-shirt ဝတ်ပြီး လမ်း လျှောက်ခဲ့ကြကြောင်းနှင့် T-shirt များကို လည်း ဝေငှခဲ့ကြောင်း စစ်တွေဒေသခံ ကျောင်းသား တဦးက ပြောသည်။

“ဦးဥတ္တမနေ့ အခမ်းအနားကျင်းပမှာစိုးလို့ နေရာတိုင်းမှာ လုံခြုံရေးတွေကို အပြည့်ချထားပါတယ်၊ အထူး သဖြင့် ဦးတ္တမ ပန်းခြံနဲ့ ဘုရားကြီးတွေမှာ ပိုပြီးစောင့်ကြည့်နေတယ်၊တက္ကသိုလ်ကျောင်း ဆရာ ဆရာမတွေ ကိုလည်း ကျောင်းသားကို အနီးကပ်စောင့်ကြည့်ခိုင်းထားတယ်”ဟု စစ်တွေ ဒေသခံကျောင်းသား က ပြော သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ စစ်တွေမြို့၌ ယမန်နေ့ညက ၂ ဦး နှင့် ယနေ့တွင် ၃ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၇)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးမြ နှင့် မိခင် ဒေါ်အောင်ကျော်တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ် သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့ရာ အင်္ဂလန်နိုင်ငံတွင် ပညာသင် ယူခွင့်ရခဲ့သော်လည်း မိခင်ကခွင့်မပြု သဖြင့် မသွားရောက်ခဲ့ရပေ။

ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။

ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်းများစွာကိုတတ်မြောက်ပြီး အန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှနိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်ခဲ့သည်။

ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။

ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။

ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ်အဖမ်းခံခဲ့ရသည်။

ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွား ပါ” ဟူသော စာကိုရေးသားပေးပို့ခဲ့သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ၎င်းသည် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုများဖြစ်လာမည်ကို စစ်အာဏာပိုင် များက စိုးရိမ်သည့် အတွက်ကြောင့် ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ဆရာတော်အား မေ့ပျောက်စေရန် အတွက် ရွှေတိဂုံဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံရှိ ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေးမှု များကို တားမြစ်အရေးယူခြင်းများ ရှိသည်ဟုလည်း သိရသည်။

စက်တင်ဘာ ၉ရက်နေ့တွင် ကျရောက်ခဲ့သည့် ၆၉ နှစ်မြောက် ဦးဥတ္တမ နေ့ကို ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အစရှိ သည့် ပြည်ပ ရောက် ရခိုင်အမျိုးသားများနှင့် ဆရာတော်ကို လေးစား ကြည်ညိုသူများကလည်း ကြေညာချက် များထုတ်ပြန်ခြင်း၊ အခမ်း အနားကျင်းပခြင်းများ ပြုလုပ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် ကျင်းပသည့် ဦးဥတ္တမနေ့ အခမ်းအနားတက်ရောက်ခဲ့သော ရခိုင်အမျိုးသား ကိုခိုင်အတ္တက “ဆရာတော်ဦးဥတ္တမဟာ ရခိုင်တမျိုးသားလုံးအတွက်သာမဟုတ်ဘဲ မြန်မာတမျိုးသားလုံး အတွက်ပါ သူရဲကောင်းဖြစ်ခဲ့ ပါတယ်၊ မြန်မာစစ်အစိုးရက အခုလို အမျိုးသားသမိုင်းကနေ ထုတ်ပယ်နေတဲ့ အတွက် ကျနော်အလွန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ပြောသည်။

Wednesday, September 10, 2008

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆရာတော် ဦးဥတ္တမနေ့နှင့် ပတ်သက်သော လှုပ်ရှားမှုများ ပေါ်ပေါက်

နရဉ္စရာသတင်းဌာန
9/10/2008

ယမန်နေ့ စက်တင်္ဘာ ၉ ရက်နေ့မှာ ၆၉ နှစ်မြှောက် ဆရာတော် ဦးဥတ္တမနေ့ ဖြစ်သောကြောင့် ပြည်ပနိုင်ငံများမှာ သာမက စစ်တွေမြို့တွင်လည်း ဆရာတော် ဦးဥတ္တမနေ့နှင့် ပတ်သက်သော လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။

စစ်တွေမြို့ က ကျောင်းသားတဦးက “လူငယ် အတော်တော်များက မနေ့က ဆရာတော် ဦးဥတ္တမ ရုပ်ပုံပါတဲ့ တီရှပ်တွေကို ၀တ်ပြီး ဆရာတော်ကို ဂုဏ်ပြုခဲ့ကြပါတယ်။ လူတိုင်းလိုလိုက ဆရာတော် ဦးဥတ္တမနေ့မှာ ဆရာတော် ရုပ်ပုံပါတဲ့ တီရှပ်တွေကို ၀တ်ဆင်ရတဲ့ အတွက် ဂုဏ်ယူ မဆုံး ဖြစ်နေကြပါတယ်။” ဟုသူက ပြောသည်။

အဆိုပါ တီရှပ် အကျီင်္များကို ၀တ်ဆင်ပြီး စက်ဘီးစီးသူများ၊ ဆိုင်ကယ် စီးသူ အများအပြားကို စစ်တွေမြို့ လမ်းမကြီးတလျောက်တွင် မြင်တွေခဲ့ရသည်ဟု မျက်မြင် တဦးကလည်း အတည်ပြုပြောသည်။

၎င်းအပြင် စစ်တွေ တက္ကသိုလ်တွင်လည်း ကျောင်းသား ကျောင်းသူများက ဆရာတော် ဦးဥတ္တမ ရုပ်ပုံပါသော တီရှပ်များကို ၀တ်ဆင်ပြီး စစ်တွေ တက္ကသိုလ်တွင် ဆုတောင်းပွဲ ပြုလုပ်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့သည်။

ယမန်နေ့ ညနေ ၅ နာရီ အချိန်ထိ စစ်တွေမြို့သို့ ဖုံးဆက် မေးမြန်းခဲ့ရာ ကျောင်းသား တဦးက “တက္ကသိုလ်ထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ ပြောဖို့ခက်ပါတယ်။ ကျောင်းကို ၀င်တဲ့ လမ်းကို အာဏာပိုင်တွေက ပိတ်ထားတဲ့အတွက် အထဲကို အ၀င်အထွက် လုပ်လို့ မရဘူး၊ ကျောင်းသား ၂၀၀ကတော့ အထဲမှာ ပိတ်မိနေတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ လူတော်တော်များကတော့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို ကျောင်းနားကို သွားပီးကြည့်နေကြပါတယ်။” ဟု ပြောသည်။

စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား ၂၀၀ ခန့်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ၀ိုင်းထားသဖြင့် ပိတ်မိနေကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် ကျောင်းသား မိဘများအကြား အထူးစိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။

ရဟန်းတော်များကလည်း ဆရာတော် ဦးဥတ္တမနေ့ကို ဘုန်းကြီးကျောင်း တချို့တွင် ကျင်းပခဲ့ကြပြီး ဘာသာရေး ထုံးတမ်း စဉ်လာများနှင့် အညီ ဆရာတော်အတွက် ဆုတောင်း မေတ္တာပို့ အမျှပေးဝခဲ့ကြောင်း သိရှိရသည်။

ညနေပိုင်းတွင် ဆရာ ဦးမောင်ညို ဦးစီးပြီး ရဟန်းတော် အပါး ၃၀ နှင့် လူ ၅၀ ခန့်က ဆရာတော်ရုပ်ထုအား မီးပူဇော်ရန် အတွက် ဦးဥတ္တမ ပန်းခြံသို့ သွားရောက်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဟန့်တားသဖြင့် မီးပူဇော်ရန် လာသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား အခြေအတင် စကားများခဲ့ကြကြောင်း သိရှိရသည်။

နောက်ပိုင်းတွင် ဆရာတော်ဦးဥတ္တမ ပန်းခြံအား အာဏာပိုင်များက လုံခြုံရေး တိုးမြှင့်လိုက်ပြီး အ၀င်အထွက်ဂိတ်များကို ပိတ်ထားလိုက်ကြောင်း အမည်မဖေါ်လိုသူ လူငယ် တဦးက ပြောသည်။

လွန်ခဲ့သော စက်တင်္ဘာလ ၇ ရက်နေ့ ညနေကလည်း အမည်မသိသူများက စစ်တွေ လမ်းမကြီး၊ မိဇံရပ်ကွက်၊ မောလိပ်ရပ်ကွက် အပါအ၀င်နေရာ အတော်တော်များတွင် မှုတ်ဆေးဗူးများဖြင့် “စက်တင်္ဘာ ၉ ရက် ဆရာတော် ဦးဥတ္တမနေ့” ဆိုပြီး ရေးသားထားခဲ့ကြောင်း သိရှိရသည်။

စက်တင်္ဘာလ ၈ ရက်နေ့ နံနက်တွင် အဆိုပါ မှုတ်ဆေးဗူးများဖြင့် ရေးသားထားချက်များကို ရဲအဖွဲ့ဝင်များက မှုတ်ဆေး အမဲရောင်များဖြင့် ပက်ဖျန်းကာ ဖျက်ဆီးပစ်ခဲ့သည်။

သို့သော်လည်း မှုတ်ဆေးဗူးများဖြင့် ဖျက်ဆီးထားသည်ကို ထင်ထင်ရှားရှား လူတိုင်းမြင်တွေ့နေရကြောင်း မျက်မြင် တဦးက .ယခုကဲ့သို့ ပြောသည်။

“သူတို့က ဆေးဗူး အမဲတွေနဲ့ ဖျက်ပေမယ့် ဖျက်တဲ့နေရာတွေကို လူတွေက မြင်နေရတယ်။ မိဇံရပ်ကွက်ထဲက ဖျက်ထားတာဆိုရင် လမ်းသွားလမ်းလာတိုင်း ခုချိန်ထိ မြင်တွေ့နေရပါတယ်။”

စစ်တွေမြို့တွင် ယခင်နှစ်များကလည်း ဆရာတော် ဦးဥတ္တမနေ့ကို ပြည်သူများက ကျင်းပခဲ့ကြသော်လည်း ယခုနှစ်ကဲ့သို့ မဟုတ်ကြောင်၊ ယခုနှစ်တွင် ဆရာတော် ဦးဥတ္တမနေ့ကို အာဏာပိုင်များက လုံခြုံရေး အထူးတင်းကျပ်ထားသည့် ကြားထဲက မြို့သူ မြို့သား အများအပြား ပူးပေါင်းပါဝင်ပြီး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခဲ့သဖြင့် စစ်အစိုးရ အပေါ် မကျေနပ်မှု တိုးပွားလာနေခြင်းကို ပြသနေခြင်းပင် ဖြစ်ကြောင်း အများက သုံးသပ် ဝေဖန်ပြောဆိုနေကြသည်။

စစ်တွေတွင် ဦးဥတ္တမနေ့ အထိမ်းမှတ် တီရှပ်များဝတ်ဆင်ကာ ဟောပြောပွဲများပြုလုပ်

ရိုးမ (၃)

ဖြိုးကြီး။ စက်တင်ဘာ ၉၊ ၂၀၀၈

ယနေ့ကျရောက်သည့် (၆၉)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းမှတ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဦးဥတ္တမရုပ်ပုံပါ တီရှပ်အင်္ကျီများဖြန့်ဝေခဲ့ပြီး ဟောပြောပွဲများလည်း ပြုလုပ်ခဲ့ သည်။

စစ်တွေမြို့ပေါ်တွင် ယမန်နေ့ညနေပိုင်းမှစတင်ကာ ကျောင်းသားလူငယ်များက ၎င်းအင်္ကျီများ ဖြန့်ဝေခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကျောင်းသားပြည်သူများက ဝတ်ဆင်ကာ ဆိုင်ကယ်များ၊ ကားများဖြင့် သွားလာနေကြသည်။

“ဦးဥတ္တမကို သတိရစေဖို့၊ အမျိုးသားရေးစိတ်ဓါတ် နိုးကြား ဖို့ရယ်၊ ရှင်ဥတ္တမလို ပုဂ္ဂိုလ်မျိုးတွေ နောင်လာ နောက် သားတွေမှာ ပေါ်ပေါက်ဖို့အတွက်နဲ့ဥတ္တမနေ့ကိုလည်း မမေ့နိုင်ဖို့ကျနော်တို့ လုပ်တာပါ” ဟု စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

ထောင်နှင့်ချီသည့် ဦးဥတ္တမ ရုပ်ပုံပါအင်္ကျီများတွင် လေးရပ်ဝတီကို ညွှန်ပြသည့် သင်္ကေတ အဖြစ် နေဝန်းပုံအဝိုင်းတွင် သဇင်ပန်းခက်နှစ်ခက်ကိုပါ ရိုက်နှိပ်ထားပြီး တက္ကသိုလ်ကျောင်းဝန်း များနှင့် ရပ်ကွက်များအတွင်း လိုက်လံဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။

“တက္ကသိုလ်ဘက်ကို အထည် တထောင်ကျော် နှစ်ထောင်လောက် ဝေလိုက်နိုင်ပါတယ်၊ ရပ်ကွက်တွေမှာလဲ တော်တော်များများပါ၊ ပွင့်ပွင့်လင်းလင်းလဲမလုပ်ရဆိုတော့ ကျောင်းသား တွေက အခုလိုလုပ်ကြတာပါ၊ ကျောင်းသားထုတွေ ထဲမှာတော့ဘယ်လိုပြောမလဲ သူတို့က ဝမ်းမြောက်ကြပါတယ်၊ ဒီလိုအင်္ကျီတွေကို ဝတ်ဆင်ကြတဲ့အခါကြတော့ တဖက်က လုပ်ကြတဲ့ သူတွေလည်း ပျော်နေကြပါတယ်” ဟု ကျောင်းသားတဦးက ပြောသည်။

ထို့အပြင် ဘုန်းကြီးကျောင်းများ၊ရပ်ကွက်အတွင်းမှ နေအိမ်များတွင် ရတု၊ ကဗျာရွတ်ဆိုခြင်းနှင့် ဟောပြောပွဲများ လည်း ပြုလုပ်ခဲ့ကြောင်း စစ်တွေမြို့ပေါ်မှဒေသခံတဦးကပြောသည်။

“ဟောပြောပွဲ၊ကဗျာရွတ်ပွဲတွေကို ရှင်ဥတ္တမနေ့နဲ့ ဆက်စပ်ပြီးတော့ လုပ်ကြတယ်လေ၊ လုပ်တဲ့ နေရာတွေက အသိမိတ်ဆွေအိမ်တွေစုပြီး ဘုန်းကြီးကျောင်းတွေမှာလုပ်တာ၊ လွတ်လပ်ရေး အတွက် မျက်စေ့ဖွင့်ပေးခဲ့တဲ့ သံဃာ ခေါင်းဆောင်ကြီးတယောက်ကို အသိမှတ်ပြုပြီးတော့ ဒီနေ့ဟာ ဆရာတော်ဦးဥတ္တမနေ့ ဖြစ်တယ်ဆိုပြီးတော့လုပ်ကြတာပါ” ဟု ၎င်းက ဆက်ပြော သည်။

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းမှတ်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အာဏာပိုင်များဘက်က ဦးဥတ္တမပန်းခြံဘက်နှင့် မြို့ထဲတွင် လုံခြုံရေးအတွက် စစ်သားများစောင့်ကြည့်နေမှုများ ရှိနေ သည်ဟု မြို့ခံက ဆက်ပြောသည်။

ဆရာတော်ဦးဥတ္တမသည် လွတ်လပ်ရေးအတွက် မြန်မာပြည်သူများကို နိုင်ငံရေးမျက်စေ့ဖွင့်ပေး ခဲ့သည့် သံဃာ့အာဇာနည်တပါးဖြစ်ပြီး (၁၉၃၉)ခုနှစ်၊ စက်တင်ဘာ(၉)ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မှုခဲ့သည်။

Tuesday, September 9, 2008

(၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်နေ့တွင် ဆရာတော်ပန်းခြံသို့ ၀င်ရောက်ခွင့်မရ

စက်တင်ဘာလ (၉) ရက်၊ ၂၀၀၈။
စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော ဆရာတော်ဦးဥတ္တမ၏ (၆၉) နှစ်မြောက်နေ့တွင် စစ်တွေမြို့ ဆရာတော်ပန်းခြံအား ယနေ့နံနက်ပိုင်းမှစ၍ စစ်သား၊ ရဲသား စုစုပေါင်း (၅၀၀) ကျော်ချထားခဲ့သည်။ သို့သော် ရခိုင့်တန်ဆောင် ဗွီဒီယိုရိုက်ကူးရေးမှ ဦးမောင်ညိုခေါင်းဆောင်ပြီး ဦးဥတ္တမပန်းခြံသို့ ဆီမီးထွန်းညိုပူဇော်ရန် သွားရောက်ခဲ့သည်။ ဦးမောင်ညိုနှင့်အတူ ဘုန်းကြီးအပါး (၃၀) ကျော်၊ ကျောင်းသား (၅၀) ကျော်နှင့် ပြည်သူလူထု အများအပြားလိုက်ပါခဲ့သည်။ အာဏာပိုင်များက ခွင့်မပြုသောကြောင့် ဦးမောင်ညိုက အာဏာပိုင်များအား ဆဲဆိုခဲ့သည်။ ယနေ့တစ်နေ့လုံး ဦးဥတ္တမပန်းခြံကို လုံးဝင်ပိတ်ထားပြီး ပလက်ဖောင်းပေါ်မှာတောင် မီးထွန်းညိုခွင့် မရခဲ့ချေ။ ဦးမောင်ညိုသည် (၂၀၀၇) စက်တင်ဘာလတွင် ရခိုင်သို့ လာရောက်ခဲ့သောသနာရေး ဒုဝန်ကြီး ဖုန်းဆွေနှင့် ရခိုင်ပြည်တိုင်းမှူးမောင်ရှိန်တို့ ဦးဥတ္တမခန်းမတွင် မြို့မိ၊ မြို့ဖများကိုခေါ်ယူကာ ပြည်ပအသံလွင့်ဌာနမှ သတင်းများကို နားမထောင်ရန်၊ မယုံကြည်ရန်၊ ယင်းတို့သည် မုသာဝါဒသာဖြစ်သည်ဟု ပြောဆိုရာ သူက အစိုးရပိုင်သတင်းဌာနများက သတင်း အမှန်ကုန်မတင်ပြဘဲ သတင်းများကို ထိန်ချန်မှုများကြောင့် ယခုကဲ့သို့ ကောလဟသများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ စစ်အစိုးရပိုင် သတင်းဌာနများအနေဖြင့် သတင်းထိန်ချန်ခြင်း မပြုဘဲ သတင်းမှန်များကို ဖြစ်စဉ်အတိုင်း တင်ပြရန်လိုကြောင်းတို့အား ပြတ်ပြတ်သားသား တင်ပြခဲ့သူ ဖြစ်သည်။ ယခုအခါ စစ်တွေမြို့၌ ဆရာတော်ဦးဥတ္တမရုပ်ပါ အင်္ကျီကို ၀တ်ဆင်ပြီး သွားလာနေကြကြောင်း ကြားသိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် (၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကိုဘနေထူး (AASYC)

ထိုင်းနိုင်ငံ၊ နို့ဖိုး ဒုက္ခသည်စခန်းတွင် (၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကျင်းပ

ကိုဘုန်းမြတ်

(၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပစဉ်

ကိုနိုင်နိုင် (စစ်တွေ)

Monday, September 8, 2008

စစ်တွေလုံခြုံရေးကို အစွမ်းကုန်မြှင့်ထား























နရဉ္စရာသတင်းဌာန
9/8/2008

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် လုံခြုံရေးကို အာဏာပိုင်များက အစွမ်းကုန် တိုးမြှင့်ထားကြောင်း စစ်တွေ တက္ကသိုလ်မှ ကျောင်းသား တဦးက ပြောသည်။

သူက “ လုံဝ (လုံးဝ) တိုးမြှင့်ထားပါ၊ လမ်းတိုင်း ရပ်ကွက်တိုင်း အရေးကြီးတဲ့ နေရာတိုင်းမှာ လက်နက်ကိုင်တွေနဲ့ ပြည့်နေပါတယ်။ သူတို့ တခုခု သတင်းရထားပုံ ရပါတယ်။” ဟုသူက ပြောသည်။

စစ်တွေတွင် လက်နက်ကိုင်တပ်ဖွဲ့များဖြင့် လုံခြုံရေး တိုးမြှင့်ထားသည်မှာ သြဂတ်(စ်)လ ပထမပတ်က စပြီး ဖြစ်သော်လည်း ယခုတရက် နှစ်ရက်အတွင်း လုံခြုံရေးကို အစွမ်းကုန် မြှင့်ထားကြောင်း သိရှိရသည်။

ဦးဇင်းတပါးကလည်း စစ်တွေတွင် လုံခြုံရေးကို ယခင်ကထက် နှစ်ဆခန့် တိုးမြှင့်ချထားကြောင်ကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ ကျောင်းတိုက်တိုင်း ကျောင်းတိုက်တိုင်း အထူးသဖြင့် နာမည်ကြီးတဲ့ မြို့မကျောင်း၊ ပုသိမ်ကျောင်း. ရွှေစေတီကျောင်းနဲ့ ဒေါ်ပုပု ကျောင်းတွေမှာ ဆိုရင် စစ်သားတွေ လုံထိန်းတွေ ပြည့်နေတာပါဘဲ။”

စစ်တွေ ဘူရားကြီး၊ လောကာ နန္ဒာစေတီနှင့် ဆရာတော် ဦးဥတ္တမ ပန်းခြံတွင် စစ်သားများမှာ စက်သေနတ်များကို ကားပေါ်တွင်တင်ပြီး အသင့်စောင့်ဆိုင်းနေကြောင်း မျက်မြင်တဦးကလည်း ပြောသည်။

မနက်ဖြန် ရက်မှာ ၆၉ နှစ်မြှောက် ဆရာတော် ဦးဥတ္တမနေ့ ဖြစ်သဖြင့် ဆန္ဒပြပွဲများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် အာဏာပိုင်များက လုံခြုံရေးကို နေရာတိုင်းတွင် ပိတ်စိပ်တိုက် ချထားကြောင်း သိရှိရသည်။

စစ်တွေတွင် ဆရာတော် ဦးဥတ္တမနေ့ ကျင်းပခြင်းအား အာဏာပိုင်များက ပိတ်ပင်ထားသဖြင့် ကျောင်းသား၊ လူငယ်များနှင့် ရဟန်းတော်များက ဆရာတော် ဦးဥတ္တမနေ့ကို လျို့ဝှက်စွာ ကျင်းပကြပြီး လွမ်းသူ့ ပန်းခွေချခြင်း ပိုစတာများနှင့် စာရွက် စာတန်းများ ဖြန့်ဝေခြင်းကို နှစ်စဉ်နှစ်တိုင်း စစ်တွေတွင် ပြုလုပ်ကြကြောင်း သိရှိရသည်။

(၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ဆရာတော်ရုပ်ပုံလွှာများ

(၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်ကျင်းပ

Saturday, September 6, 2008

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် (၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် သွေးလှူပွဲကျင်းပ

စက်တင်ဘာလ (၇) ရက်၊ ၂၀၀၈။
စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်မည့် ဆရာတော်ဦးဥတ္တမနေ့ (၆၉) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော် ဆေးခန်းတွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (ရ၊ က၊ လ၊ စ) မှ ဦးဆောင်ကာ သွေးလှူပွဲတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါသွေးလှူပွဲသို့ (ရ၊ က၊ လ၊ စ) မှ ရဲဘော်၊ ရဲမယ်များနှင့် မဲဆောက်ရောက် ရခိုင်အလုပ်သမားများ၊ တိုင်းရင်းသား ညီအစ်ကိုများ စုစုပေါင်း (၅၀) ခန့် တက်ရောက်သွေးလှူဒါန်းခဲ့ကြသည်။ အခမ်းအနားသို့ (၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ်အဖြစ် (ရ၊ က၊ လ၊ စ) မှထုတ်ဝေသော အင်္ကျီများအား ၀တ်ဆင် တက်ရောက်သွေးလှူခဲ့ကြသည်။

ဆရာတော်ဦးဥတ္တမနေ့ သွေးလှူဒါန်းပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ (ရ၊ က၊ လ၊ စ) တွဲဖက်အတွင်းရေးမှူး (၁) ကိုထွန်းဇော်က ကျွန်တော်တို့ (ရ၊ က၊ လ၊ စ) အနေဖြင့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို တကမ္ဘာလုံး အတိုင်းအတာနှင့် ကျင်းပချင်ပါတယ်။ ပြည်ထဲမှာလဲ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပချင်ပါတယ်။ ဒီနှစ် ကျွန်တော်တို့ အထိမ်းအမှတ် အင်္ကျီတွေထုတ်ဝေထားပါတယ်။ ထိုင်းနိုင်ငံတစ်နိုင်ငံလုံး၊ မလေး၊ စင်္ကာပူ၊ အမေရိကတို့ကို ဖြန့်ဝေထားပါတယ်။ အခြားနိုင်ငံတွေကိုလည်း ဖြန့်ဝေဖို့ အစီအစဉ်ရှိပါတယ်။ ဆရာတော်အခမ်းအနား ကျင်းပမယ့် နေရာတွေကိုလဲ ကျွန်တော်တို့က အင်္ကျီတွေ၊ ဆရာတော်ဦးဥတ္တမ ဓာတ်ပုံတွေ၊ လက်ကမ်းစာစောင် တွေဖြန့်ဝေထားပါတယ်။ ရခိုင်အမျိုးသားတွေ ဆရာတော်အပေါ် ဘယ်လောက် လေးစားမှုရှိတယ်၊ ရခိုင်အမျိုးသားတွေ ဘယ်လောက်စည်းလုံး ညီညွတ်မှုရှိတယ်ဆိုတာကို ကျွန်တော်တို့ ပြသနိုင်ရမယ်၊ ဆရာတော်အကြောင်း ပြောမယ်ဆိုရင် ပြောမကုန်ပါဘူး။ ဆရာတော်၏တိုးတက်တဲ့ နိုင်ငံရေးအမြင်၊ အဖိနှိပ်ခံတွေအားလုံး လွတ်မြောက်လိုစိတ်တွေဟာ ကျွန်တော်တို့ အတုယူရမည့် အချက်တွေဖြစ်တယ်။ တစ်ချိန်တည်းမှာ ဆရာတော်ရဲ့ အရှိန်အ၀ါကို ကိုယ်ကျိုးအတွက် အသုံးချခဲ့ရတာတွေကိုလဲ သင်ခန်းစာယူ ရမှာပါ။ ဆရာတော်သမိုင်းက တကယ့်ကို ကြီးကျယ်ပါတယ်။ ဆရာတော်ကျေးဇူးဟာ ဗမာပြည်သူတစ်ရပ်လုံးအပေါ်ရှိပါတယ်။ ဒါပေမယ့် ဆရာတော်ဟာ ရခိုင်အမျိုးသားဖြစ်တဲ့အတွက်ကြောင့် ဆရာတော်သမိုင်းကို တဖြည်းဖြည်း မှေးမှိန်သွားအောင် စစ်အစိုးရရော၊ ဗမာလူမျိုးကြီးဝါဒီတွေက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြတာကို တွေ့နေရပါတယ်။ ဆရာတော်ဟာ ရခိုင်အမျိုးသားလွတ်မြောက်ရေး တစ်ခုတဲ့အတွက် ကြိုးပမ်းခဲ့တာမဟုတ်ဘူး။ ဗမာတစ်ပြည်လုံး၊ အာရှတိုက်တစ်ခုလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ ရခိုင်တွေ မလုပ်ရင် ဆရာတော်သမိုင်း ပျောက်ကွယ်သွားမယ့် အလားအလာရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဦးဆောင် ကျင်းပရခြင်းဖြစ်ပါတယ်။ ဟုပြောကြားခဲ့သည်။

ယနေ့အချိန်တွင် ရခိုင်ပြည်တွင်း နိုင်ငံရေးတက်ကြွနေမှုများနှင့်ပတ်သတ်၍ ကိုထွန်းဇော်ကပဲ ဒါဟာ နိယာမ တရားတစ်ခုပဲ။ ဖိလေ ကြွလေ ဆိုသလို ရခိုင်ပြည်သူတွေဟာ အဖိနှိပ်ခံနေရတာဟာ သမိုင်းနဲ့ ချီခဲ့ပါပြီ အဂုမှ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုပြောချင်တာက ရခိုင်ပြည်သူတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေ မီဒီယာထက် မရောက်ဘဲဖြစ်နေတယ်။ စစ်အာဏာရှင်လက်အောက်မှ တတိုင်းပြည်လုံး လွတ်မြောက်ဖို့ မီဒီယာအကူအညီတွေလဲ အများကြီးလိုပါတယ်။ ရခိုင်ပြည်၏တက်ကြွလှုပ်ရှားမှုတွေကို ဗမာပြည်သူ တစ်ရပ်လုံး သိရှိစေဖို့၊ အားတက်စေဖို့ သတင်းဌာနတွေကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်” ပြောပြခဲ့သည်။ သွေးလှူပွဲတွင် (ရ၊ က၊ လ၊ စ) ထုတ် ဆရာတော်ဦးဥတ္တမသမိုင်းအကျဉ်း လက်ကမ်းစာစောင်နှင့် (ရ၊ က၊ လ၊ စ) သမိုင်းအကျဉ်း လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

မယ်တော်ဆေးခန်း၊ သွေးလှူဌာနတာဝန်ခံ ကိုမောင်ယုကလည်း “ရခိုင်ကျောင်းသား၊ လူငယ်များအနေဖြင့် မယ်တော်ဆေးခန်းအတွက် ရခိုင်အမျိုးသားတွေနဲ့ဆိုင်တဲ့ အထိမ်းအမှတ်နေ့တွေမှာ သွေးလှူဒါန်းတာ တော်တော်ကြာခဲ့ပြီ။ လူ့ အသက်တစ်ချောင်းကို ခင်ဗျားတို့သွေးတွေနဲ့ ကူညီပေးတဲ့အတွက် ကျွန်တော်တို့ အများကြီးဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ နောက်နောင်လည်း လာရောက်သွေးလှူပေး စေလိုပါတယ်” ဟုပြောကြားခဲ့သည်။

မယ်တော်ဆေးခန်းမှ ဆရာမကြီးဒေါ်စင်သီယာမောင်ကလည်း သွေးလှူနေရာသို့ လာရောက်ကာ သွေးလှူဒါန်းသူများနှင့် တွေ့ဆုံခဲ့သည်။ (ရ၊ က၊ လ၊ စ) အထွေထွေအတွင်းရေးမှူး ကိုအောင်မင်းဦးက ဆရာမကြီးအား အမှတ်တရ အင်္ကျီနှင့် ဆရာတော် ဦးဥတ္တမဓာတ်ပုံများ လက်ဆောင်ပေးခဲ့သည်။ ထို့နောက် ဆရာမကြီးနှင့်အတူ ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ် ဓာတ်ပုံရိုက်ကူးခဲ့ပြီး သွေးလှူဒါန်းပွဲအခမ်းအနား ပြီးဆုံးခဲ့သည်။

Friday, September 5, 2008

ဆရာတော်ဦးဥတ္တမ၏အဆိုအမိန့်များ

• နိုင်ငံရေးဆိုသည့်မှာ အစိုးရကိုအမူထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ကိုယ့်ရသင့်ရထိုက်သော အခွင့်အရေးကိုပြောဆိုခြင်း။ တောင်းခံခြင်းနှင့် အရတိုက်ယူခြင်းပင်လျှင် ဖြစ်သည်။

• ငါ့တို့ကား ကျွန်မျိုးမဟုတ်။

• ငါ့ညီ မင်းယခုလူဖြစ်လာသည်မှာ မင်း ကိုယ်ကျိုးတခုအတွက်သာဖြစ်သလား
(သို့မဟုတ်) အများအကျိုးအတွက်ဖြစ်သလားဆိုသည်ကို ကောင်းစွာ ဝေဖန်
ပြီးလျှင် မင်း ယခုဖြစ်နေသောလူ့ဘ၀ကို ကောင်းကောင်း အသုံးချပါ။

(၆၉) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ ထုတ်ဝေသော လက်ကမ်းစာစောင်